နွေပူပူကြောင့် အသားအရေမပျက်စီးစေဖို့ အရေးကြီးတဲ့ အချက် ၅ ချက်
ရာသီဥတုက တဖြည်းဖြည်းပူလာပြီနော်။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ အသားအရေလေးတွေ လှပအောင် ထိန်းသိမ်းဖို့ အဆင်သင့်ဖြစ်နေကြပြီလား။
အသားအရေကို ထိန်းသိမ်းရတာက ရာသီတစ်ခုနဲ့တစ်ခု မတူတဲ့အတွက် နွေရာသီ အသားအရေထိန်းသိမ်းရာမှာ အရေးကြီးတဲ့ အချက်တွေကို ပြောကြရအောင်။
(1) SPF များတာ ရွေးချယ်ပါ
UV Rays တွေကြောင့် အိုမင်းရင့်ရော်တာတွေနဲ့ အရေပြားကင်ဆာတွေ မဖြစ်ဖို့ Suncream ကို နေ့စဥ်လိမ်းဖို့ လိုအပ်ပါတယ်။ နွေရာသီမှာ နေ့တာပိုရှည်သလို နေရောင်ခြည်ကလည်း ပိုပြီးပူပြင်းခြောက်သွေ့တဲ့အတွက် SPF ပိုများတဲ့ Suncream ကို ရွေးချယ်သင့်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ နားရွက်၊ လက်နဲ့ ခြေထောက်တို့လို နေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ အစိတ်အပိုင်းတွေမှာ SPF အနည်းဆုံး 30+ ပါတာ လိမ်းသင့်ပြီး နေပူထဲသွားရင်တော့ SPF 50+ ပါတာ လိမ်းရပါမယ်။ ဒါ့အပြင် ၂ နာရီတစ်ခါ ထပ်ခါထပ်ခါလိမ်းဖို့ မမေ့ပါနဲ့။
(2) မျက်နှာသေချာသစ်ပါ
နွေရာသီဟာ ချွေးနဲ့အဆီတွေ အထွက်များသလို ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ အထူးသဖြင့် ဆံစပ်နားတွေဟာ သေချာမသန့်စင်ဖြစ်ရင် ဝက်ခြံပေါက်နိုင်တာမို့ သတိထားပြီး သန့်ရှင်းပေးပါ။ Benzoyl Peroxide နဲ့ Salicylic Acid ပါတဲ့ Gel ပုံစံ မျက်နှာသစ်ဆပ်ပြာတွေက ချွေးပေါက်မပိတ်အောင်၊ အဆီမပြန်အောင် ကာကွယ်ပေးသလို ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပါတယ်။
(3) ပေါ့ပေါ့ပါးပါး Moisturizer ကို ရွေးချယ်ပါ
ဆောင်းရာသီမှာ သုံးခဲ့တဲ့ ထူထပ်ပျစ်ချွဲတဲ့ Moisturizer တွေကို ဘေးဖယ်ထားလိုက်ပါတော့။ Hyaluronic acid ပါတဲ့ Moisturizer တွေဟာ အဆီမပြန်၊ စေးကပ်ခြင်း မရှိဘဲ ရေဓာတ်ကို ကောင်းကောင်းဖြည့်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာမို့ ဦးစားပေးရွေးချယ်သင့်ပါတယ်။ Face Mist တွေ သုံးတာကလည်း ပေါ့ပေါ့ပါးပါးနဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်ပါလိမ့်မယ်။
(4) ချွေးပေါက်မပိတ်စေတဲ့ ပစ္စည်းတွေ ရွေးချယ်သုံးစွဲပါ
အဆီတွေ၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားနဲ့ ဖုန်မှုန့်တွေကြောင့် ချွေးပေါက်ပိတ်ဆို့ပြီး ဝက်ခြံထွက်၊ အသားအရေရောင်ရမ်းပျက်စီးတာက နွေရာသီရဲ့ ပြဿနာပါ။ အထူးသဖြင့် အဆီပြန်၊ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေရဲ့ ဒုက္ခပါပဲ။ ဒါကြောင့် Salicylic Acid, Benzoyl Peroxide, Sulfur နဲ့ Niacinamide တို့လို ချွေးပေါက်ကို သန့်စင်စေတဲ့ ပစ္စည်းတွေပါဝင်တဲ့ ထုတ်ကုန်တွေကို ရွေးချယ်သုံးစွဲသင့်ပါတယ်။
(5) Retinoid အများကြီး မသုံးပါနဲ့
Retinoid သုံးထားပြီး နေရောင်ခြည်နဲ့ ထိတွေ့ရင် ဓာတ်မတည့်တာ ပိုဖြစ်နိုင်တာမို့ နွေရာသီမှာ Retinoid နဲ့ Retinol ပါတာတွေ မသုံးသင့်ပါဘူး။ အကယ်၍ သုံးရမယ်ဆိုရင်လည်း ပမာဏလျှော့သုံးသင့်သလို ညဘက်မှာပဲ သုံးသင့်ပါတယ်။
ဒီအချက်တွေကို သတိထားလိုက်နာရင် ပူပြင်းတဲ့ နွေရာသီမှာ အသားအရေအတွက် စိတ်အများကြီး ပူစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ လှပနိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်